ဒေါပုံမှ တက္ကသိုလ်ကျောင်းသူမိန်းကလေး နေအိမ်မှပျောက်ဆုံးပြီး ၂၅ ရက်ကြာသည်အထိ ပြန်မတွေ့သေး

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် နဂါးနီ ၃ လမ်း၊ အမှတ် မ/၅၄ နေ တက္ကသိုလ်ကျောင်းသူတဦး နေအိမ်မှပျောက်ဆုံးခဲ့ရာ ၂၅ ရက်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း ပျောက်ဆုံးနေသူမိန်းကလေး၏ မိသားစုထံမှ သိရသည်။

အဝေးသင်တက်ရောက်နေသူ အသက် ၁၈ နှစ်ရှိ မမေဇင်ဦးသည် စက်တင်ဘာ ၁၅ ရက်က တာမွေမြို့နယ် သီတာလမ်းရှိ ကျူရှင်သို့လိုက်ပို့ခဲ့ပြီး ကျူရှင်ပြီးချိန်တွင် သွားရောက်စောင့်ဆိုင်းရာ ပြန်ဆင်းမလာသဖြင့် စုံစမ်းရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

”တနင်္ဂနွေနေ့ဆို သူကကျူရှင်သွားတက်ရတယ်။ ကျူရှင်ကိုလည်း အမြဲကျွန်တော်တို့လိုက်ပို့တာပေါ့။ ကျူရှင် ဆင်းရင်လည်း သွားကြိုတာ။ အဲဒီနေ့ကျတော့ ကျွန်တော့်အဖေက ကျူရှင်သွားပို့တယ်။ ပို့ပြီးတော့ မင်္ဂလာဆောင်တခုကိုသွားတယ်။ မင်္ဂလာဆောင်ကအပြန် ကျူရှင်အောက်မှ သွားစောင့်တဲ့အချိန်မှာ ကျူရှင်က ဆင်းမလာတာနဲ့ တက်ကြည့်လိုက်တော့ ဒီကလေးမလေးက ကျူရှင်မလာဘူးလို့ ဆရာမကပြောတယ်။ အဲဒီ ကတည်းက ပျောက်သွားတာပဲ”ဟု ပျောက်ဆုံးသူမိန်းကလေး၏ အစ်ကိုဖြစ်သူကိုခင်မောင်လွင်က ဆိုသည်။

ပျောက်ဆုံးနေသည့် မိန်းကလေးသည် မကြာခဏအိမ်မှ ထွက်သွားခြင်း၊ သူငယ်ချင်းများနှင့် လျှောက်လည်ခြင်းမျိုးမရှိဘဲ အိမ်တွင်းသာနေထိုင်တတ်ပြီး ညီအစ်ကိုမောင်နှမ ၃ ယောက်ရှိကာ အစ်ကိုတယောက်နှင့် မောင်တယောက်ရှိကြောင်း သိရသည်။

”သူကအိမ်ထဲမှာပဲ အမြဲနေတယ်။ တယောက်ထဲနေတာများတယ်။ သူက ရည်းစားထားတာမျိုးလည်း မရှိပါဘူး”ဟု ပျောက်ဆုံးနေသူ မိန်းကလေး၏မိခင် ဒေါ်ဆန်းဆန်းမွှေးက ဆိုသည်။

ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဒေါပုံမြို့နယ်ရဲစခန်းတွင် စက်တင်ဘာလ ၁၅ ရက်ညနေပိုင်းက လူပျောက် တိုင်ကြားခဲ့ပြီး ဒေါပုံမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအနေနှင့် ပျောက်ဆုံးသူသွားလာတတ်သောနေရာများနှင့် ဆွေမျိုးသားချင်း၊ မိတ်ဆွေများထံ စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သူ
Source : News Watch

admin

x