ရွှေနန်းတော်ပိုင်ရှင်အား ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်တော်ကိုဖူးခွင့်ပေးခဲ့ခြင်းအပေါ် ဂေါပကအဖွဲ့နှင့်ကာယကံရှင်တို့ အငြင်းပွားနေ

ရွှေနန်းတော်ပိုင်ရှင်အား ရွှေတိဂုံစေတီတော်၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်တော်ကိုဖူးခွင့်ပေးခဲ့ခြင်းအပေါ် ဂေါပကအဖွဲ့နှင့်ကာယကံရှင်တို့ အငြင်းပွားနေကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်အထက်ပစ္စယံသို့တက်ခွင့်ပေးသည့်ကတ်ထုတ်ပေးသည်ဆိုကာ လက်ရှိတွင် ရွှေတိဂုံဂေါပကအဖွဲ့၊ ရုံးအဖွဲ့မှူးအား ရာထူးမှခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

“ အဓိကစစ်ဆေးတာ တက်ခွင့်ပေါ့လေ။ တကယ်တမ်းလည်းအရေးယူတော့ ကတ်ပြားကိစ္စပေါ့လေ။ အခုတော့ ကျွန်တော့်ကိုတာဝန်ရှိတယ်လို့ဆိုပြီး တာဝန်ဆိုင်းငံ့ထားတယ်။ ကတ်မပါဘဲဆိုတော့ တစ်နေ့၊ တစ်နေ့က ကတ်မပါဘဲတက်နေကြတာအများကြီးလေ။ ကတ်ကိုမစစ်ဘဲ ကျွန်တော့်ကိုအရေးယူတာပေါ့’’ဟု ရွှေတိဂုံဂေါပကအဖွဲ့၊ ရုံးအဖွဲ့မှူးရာထူးယာယီတာဝန်ဆိုင်းငံ့ခံထားရသူ ဦးထွန်းအောင်ငွေကပြောသည်။

ဖြစ်စဉ်မှာ ရွှေနန်းတော်ပိုင်ရှင်ဒေါက်တာအောင်ကျော်ဝင်းအပါအဝင် ၂ ဦးအား ရွှေတိဂုံစေတီတော်၊ အထက်ပစ္စယံပတ္တမြားမျက်ရှင်သို့ အောက်တိုဘာလ ၃ ရက်က တက်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တက်ရောက်ခွင့်ပေးခဲ့ခြင်းကို ဂေါပကအဖွဲ့မှ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာစစ်ဆေးခဲ့ပြီးနောက် ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေအား တာဝန်မှခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒေါ်သက်သက်ခိုင်တို့ကိစ္စနဲ့ပတ်သက်လို့ ပုဂ္ဂဓိဋ္ဌာန်မရည်ရွယ်ပါဘူး။သတင်းအရ၊ အခြေအနေအရ ဂေါပကအဖွဲ့ဆိုတာကကိုယ့်ဘုရားကိုကာကွယ်စောင့်ရှောက်ဖို့အတွက် ဒါမေးရမယ်။ မြန်းရမယ်။ စုံစမ်းရမယ်။ စစ်ဆေးရမယ်။ တာဝန်အရလုပ်တာ။ ချစ်ခြင်း၊ မုန်းခြင်းမပါပါဘူး။အ ခုကတော့ သူကမကျေနပ်ဘူးပေါ့လေ။ အဘတို့ကတော့ တရားစွဲလည်းဘာမှပြန်လုပ်ဖို့မရှိပါဘူး။ ဒါကစော်ကားဖို့တမင်ရည်ရွယ်တာမှ မဟုတ်တာလေ’’ဟု ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင်ဦးသောင်းထိုက်က ပြောသည်။

ရွှေတိဂုံစေတီတော်အထက်ပစ္စယံသို့ ကတ်ပြားပါမှသာတက်ရောက်ခွင့်ပြုထားပြီး စည်းကမ်းချက်အရ အမျိုးသမီးများကို တက်ရောက်ခွင့်လုံးဝခွင့်မပြုကြောင်းသိရသည်။

“အဲဒီကိစ္စ ကျွန်မတရားစွဲမလို့။ ကျွန်မအမျိုးသားမှာမွေးစာရင်းရှိတယ်။ မှတ်ပုံတင်ရှိတယ်။ နောက်တက္ကသိုလ်က ဘွဲ့ရထားတဲ့လက်မှတ်တွေရှိတယ်။ တက္ကသိုလ်ဝင်တုန်းကလည်းဆေးတက္ကသိုလ်ဖြစ်တဲ့အတွက် တစ်ကိုယ်လုံး စစ်ဆေးထားတာရှိတယ်။ ပြီးလို့ရှိရင် ပတ်စ်ပို့အုပ်ပေါင်းများစွာရှိတယ်။ ပြီးလို့ရှိရင် ၂၀၁၈ ကမှ နိုင်ငံတော်သမ္မတကချီးမြှင့်ထားတဲ့၊ နိုင်ငံတော်ကပေးထားတဲ့သုဓမ္မမဏီဇောတဓရဘွဲ့၊ အမျိုးသား သာနာ့နုဂဟတတိယအဆင့်ဘွဲ့ကိုရထားတယ်။ ရထားတဲ့အခါကျတော့ ဒီလိုမျိုးနာမည်ကြီးနဲ့လေ။ ဒီလူကိုပေးတက်လို့ဆိုပြီးတော့ ဒီလိုလူတစ်ယောက်ကိုအရေးယူတာ ကျွန်မအဲဒါတရားစွဲဖို့လုပ်နေတယ်။ နောက်ပြီး ကျွန်မနဲ့တရားဝင်တရားရုံးမှာလက်ထပ်ထားတဲ့လက်ထပ်စာချုပ်တွေလည်းရှိတယ်။ တရားစွဲမလား။ ဂေါပကကိုတောင်းပန်ခိုင်းမလား။ ကျွန်မရှေ့နေနဲ့တိုင်ပင်မယ်။တစ်ဆင့်ပြီးမှ တစ်ဆင့်သွားမယ်’’ဟု ရွှေနန်းတော်ပိုင်ရှင်ဒေါက်တာ အောင်ကျော်ဝင်း၏ဇနီးဖြစ်သူ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

လတ်တလောတွင် ရာထူးရပ်ဆိုင်းခံရသောရုံးအဖွဲ့မှူးကလည်း တိုင်ကြားစာများအဆင့်ဆင့်ပေးပို့ထားကြောင်း သိရသည်။

Credit-အကုန်သိ

admin

x