အနုပညာအလုပ်ကို ဝါသနာပါလွန်းတဲ့ မြေးလေးအကြောင်းပြောလာတဲ့ ခင်မို့မို့အေး

အဘွားအိပ်ချင်တာတောင် ဘေးနားမှာ သီချင်းတွေ လာဆိုပြတတ်တဲ့ ကလေးလေး။ ခင်မို့မို့အေးက အနုပညာအလုပ်ကို ဝါသနာပါလွန်းတဲ့ မြေးလေးတွေအကြောင်းပြောပြလာပါတယ်။ ဒါပေမယ့် ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ သူကဆိုပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ခင်မို့မို့အေးကတော့ သူမရဲ့ အနုပညာမျိုးဆက်တစ်ဦးဖြစ်တဲ့ မြေးမလေးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီမြေးလေးကတော့ အနုပညာနဲ့ ပတ်သက်လာရင် ဂီတအလုပ်ကို တော်တော် ဝါသနာကြီးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မြေးလေးကိုတော့ မိုးထက်ကကံ့ကော်ခင် လို့နာမည်ပေးထားပါတယ်။ သူက သီချင်းဆိုတာကို အရမ်းဝါသနာပါတာ။ စပိန် သီချင်းတွေ၊ ကိုရီးယားသီချင်းတွေ၊ ယိုးဒယားသီချင်းတွေကို သူနားထောင်တယ်။ သူ စကားမပြောတတ်ခင်ကတည်းက သီချင်းခွေဆိုရင် သူ အရမ်းကြိုက်တယ်။ ဒီအရွယ်ရောက်လာတော့လည်း သီချင်းတွေ နားထောင်ပြီး အစအဆုံး သူပြန်ဆိုနိုင်တယ်။ အဘွား အိပ်ရာထဲဝင်လာပြီး ဘွားဘွား မအိပ်နဲ့ဦး မီးမီး သီချင်းဆိုပြချင်လို့ ဆိုပြီး ရောက်ရောက်လာတယ်’’ လို့ သူကဆိုပါတယ်။

ခင်မို့မို့အေးဟာ မြေးနှစ်ယောက်ရဲ့ အဘွားဆိုရင်လည်း မမှားပါဘူး။ ဒီမြေးနှစ်ယောက်စလုံးကလည်း အနုပညာအလုပ်တွေကို ဝါသနာကြီးကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

‘’ မြေးကြီး မိုးထက်က ကံ့ကော်ခင် ကတော့ အန်တီ့အတွက် အနုပညာမျိုးဆက်တစ်ဦးလို့ ပြောလို့ရပါတယ်။ အန်တီ့လိုတော့ သူက သရုပ်ဆောင် ဝါသနာမပါပေမယ့် သီချင်းဆိုတဲ့ဘက်ကို အရမ်း ဝါသနာ ပါနေတာပေါ့နော်။ သရုပ်ဆောင် ဝါသနာပါတာကတော့ မြေးအငယ်လေး သူကတော့ ငယ်ပါသေးတယ် အခုမှ ၅ နှစ်ပဲရှိသေးတာ သူကလည်း သရုပ်ဆောင်ကို အရမ်း ဝါသနာပါတယ်လေ စတိတ်ပေါ်မှာ တက်ပြီး ကဖို့ဆိုလည်း သူမရှက်ဘူး။ အန်တီတောင် သူ့အရွယ်တုန်းက အဲ့ဒီလို မလုပ်ရဲခဲ့ပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

အခုဆိုရင်တော့ မြေးကြီး မိုးထက်က ကံ့ကော်ခင် ဟာ အသက် ၁၀ နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။ ပညာရေးအနေနဲ့ကတော့ ၅ တန်း တက်နေပါတယ်တဲ့။ ဒါကြောင့်လည်း အသက်ငယ်သေးတာကြောင့် အနုပညာအလုပ်တွေ မလုပ်စေချင်သေးဘူးလို့ ခင်မို့မို့အေးက ပြောပါတယ်။

‘’သူ့ကို အနုပညာအလုပ်တွေ မလုပ်စေချင်သေးဘူး။ အန်တီကတော့ အဓိက က ပညာတတ်စေချင်သေးတယ်။ သူတို့ အရွယ်ရောက်လာတဲ့အချိန်မှာ နိုင်ငံတကာနဲ့ ဆက်သွယ်ရမှာ ဖြစ်တဲ့အတွက် ဘာသာစကားတွေ သင်စေချင်တယ်။ အဲဒါပြီးတော့မှ သူဝါသနာပါတာလေးတွေကို အန်တီက ပံ့ပိုးပေးပါမယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ ညက ‘’ဘာလာလာ’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ခင်မို့မို့အေးကိုတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမကိုတော့ အမြဲတမ်းအလိုလို ကောက်ကျစ်တတ်တဲ့ ကာရိုက်တာ၊ အတင်းတုပ်၊ စောင်းမြောင်းပြောဆိုတတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဗီလိန်ကာရိုက်တာတွေနဲ့ ပရိသတ်တွေ တော်တော်များများ မှတ်မိပြီးသားဖြစ်မှာပါ။ ခင်မို့မို့အေးရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၃၀ ခန့် ရှိပြီဖြစ်ပါတယ်။ သူမဟာ ၂၀၀၈ ခုနှစ်က ‘’အများနှင့်မသက်ဆိုင်သောသူ’’ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ကိုရရှိပိုင်ဆိုင်ထားသူပါ။

Source : Duwun

admin

x