မိုးအောင်ရင်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုလိုက်တဲ့ မိုးအောင်ရင်ရဲ့ ချစ်သူကောင်မလေး

Last modified date

ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင်မိုးအောင်ရင်ကို ရည်စားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုထားကြောင်း သက်ဆိုင်ရာတရားရုံးမှ ဒီဇင်ဘာ ၄ ရက်က စုံစမ်းသိရသည်။

မိုးအောင်ရင်၏ ရည်းစားဟောင်းဖြစ်သူဟုဆိုသည့် မ . . . . က နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံးသို့ လာရောက်ပြီး သရုပ်ဆောင်မိုးအောင်ရင်က ၎င်းအား လက်ထပ်မည်ဟုပြောဆိုပြီး ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိသဖြင့် လာရောက်ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရသည်။

ထိုသို့တရားစွဲဆိုရာ ရန်ကင်းမြို့နယ်တရားရုံးမှ တရားလို မ. . . . အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ သိရသည်။

ထို့နောက် ရုံးချိန်းကို ဒီဇင်ဘာ ၆ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး သရုပ်ဆောင်မိုးအောင်ရင်အား ရုံးတော်ရှေ့ လာရောက်ရန် ဆင့်ခေါ်စာပေးပို့ထားကြောင်း သိရသည်။

“ကောင်မလေးက နိုဝင်ဘာ ၂၂ ရက်နေ့က လာပြီးတော့ သရုပ်ဆောင်မိုးအောင်ရင်က သူ့ကိုလက်ထပ်မယ်လို့ပြောပြီး ကာမရယူခဲ့ပြီး လက်ထပ်ခဲ့ခြင်းမရှိလို့ တရားစွဲဆိုပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို ရုံးက အဲဒီနေ့မှာပဲ တရားလိုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၄၁၇ နဲ့ ဆက်လက်ဆောင်ရွက်သွားဖို့အမိန့်ချလိုက်တယ်။ ဒီဇင်ဘာလ ၆ရက်နေ့မှာ စွပ်စွဲခံရသူ မိုးအောင်ရင်ကို ရုံးရှေ့ကို လာရောက်ဖို့ ဆင့်ခေါ်ထားတယ်။ ပုဒ်မ ၄၁၇ ကတော့ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တယ်။ လိမ်လည်မှုပုဒ်မ ဖြစ်ပါတယ်” ဟု ရန်ကင်းမြို့နယ်တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောကြားသည်။

အဆိုပါ အမှုကို ရန်ကင်းမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး (၁) တရားခွင်တွင် လက်ခံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၄၁၇ မှာ လိမ်လည်မှုပုဒ်မဖြစ်ပြီး မည်သူမဆို လိမ်လည်မှုကိုကျူးလွန်လျှင် ထိုသူကို သုံနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားကြောင်းသိရသည်။

သရုပ်ဆောင်မိုးအောင်ရင်အနေဖြင့် ၎င်း၏ ချစ်သူဖြင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် အင်တာဗျူးဖြေကြားခဲ့ပြီးနောက်ပိုင်း တရားစွဲဆိုခြင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သရုပ်ဆောင်မိုးအောင်ရင်အား ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။

Credit : Eleven Media

admin

x