လိင်တူချစ်သူတဦးအဖြစ် ဝန်ခံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မယ်စကြာဝဠာ အလှမယ် ဆွေဇင်ထက်

Last modified date

အမေရိကန်နိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကြီးမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ သူမဟာ လိင်တူချစ်သူတဦး ဖြစ်တဲ့အကြောင်းကို ဝန်ခံခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ Miss Universe စင်မြင့်ရဲ့ သက်တမ်းတလျှောက်မှာ ပထမဆုံး လိင်တူချစ်သူဆိုတာကို ဝန်ခံခဲ့တဲ့ အလှမယ်တယောက် ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာနတခုမှာ ဆွေဇင်ထက်က အခုလို ဖြေကြားခဲ့ပါတယ်။

“ကျမဟာ Lesbian (အမျိုးသမီးချင်း ချစ်ခင်နှစ်သက်သူ) တယောက်ဆိုတာ ထုတ်ပြောလိုက်ရင် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ ဒါဟာ LGBTQ အသိုင်းအဝိုင်းကို အများကြီးအကျိုးသက်ရောက်မှုဖြစ်စေလိမ့်မယ်။ မြန်မာနိုင်ငံမှာက LGBTQ တွေကို လက်ခံမပေးကြဘူး။ အထင်အမြင်သေးပြီး ခွဲခြားဆက်ဆံတယ်”လို့ အလှမယ် ဆွေဇင်ထက်က ပြောခဲ့ပါတယ်။

သူမရဲ့ Fan များက “Superman” လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ဆွေဇင်ထက်ကတော့ သူမဟာ Anti-LGBTQ သဘောထားများကို ပြောင်းလဲနိုင်ဖို့အတွက် မျှော်လင့်ကြောင်း ၊ သူမကိုယ်သူမ လိင်တူစိတ်ဝင်စားသူ တယောက်ဆိုတာကိုလည်း အသက် ၁၅နှစ် ၊ ၁၆ နှစ်လောက်မှာစကာ သိခဲ့ရပြီး နောက်ပိုင်းမှာတော့ သူမကိုယ်သူမ Lesbian ဆိုတာကို လက်ခံလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ခန့်က မိဘများကို ဒီအကြောင်းကို ဖွင့်ပြောတဲ့အခါမှာတော့ မိဘများက လက်ခံမပေးခဲ့ဘဲ နောက်ပိုင်းမှာတော့ LGBTQ (Lesbian, Gay, Bisexual, Transgender, Queer) အသိုင်းအဝိုင်းအကြောင်း ပိုသိလာချိန်မှာတော့ လက်ခံပေးခဲ့တယ်လို့ သိရပါတယ်။

ထပ်မံပြီးတော့လည်း ဆွေဇင်ထက်က သူမရဲ့ချစ်သူမှာ အဆိုတော် ဂေဂေး ဖြစ်ကြောင်းကိုလည်း ဖွင့်ဟပြောဆိုခဲ့ပြီး သူတို့ နှစ်ယောက်ရဲ့ ပတ်သက်မှုဟာ ၃ နှစ်ခန့်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေဇင်ထက်ကတော့ အခုလို ဖွင့်ဟ ပြောဆိုခဲ့မှုကြောင့် LGBT အသိုင်းအဝိုင်းမှ အားပေးထောက်ခံမှုကိုရရှိခဲ့ပါတယ်။

ဆွေဇင်ထက်အနေနဲ့လည်း ပြိုင်ပွဲတလျှောက်မှာ အကောင်းဆုံးပြုလုပ်နိုင်ခဲ့ပြီး အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်မှုမှာတော့ “လယ်သူမလေး ကောက်ရိတ်ချိန်”ဆိုတဲ့ ဝတ်စုံနဲ့ယှဉ်ပြိုင်ခဲ့တဲ့အပေါ်မှာ သဘောကျနှစ်ခြိုက်ခဲ့သော်လည်း ဆုနဲ့ လွဲချော်ခဲ့ပါတယ်။

Miss Universe 2019 ဆုကိုတော့ တောင်အာဖရိက လူမည်း အလှမယ်မှ ရရှိခဲ့ပြီး အမျိုးသားဝတ်စုံဆုကိုတော့ မလေးရှားနိုင်ငံမှ အသီးသီးရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ Miss Universe ပြိုင်ပွဲကြီးမှာ အမြင့်ဆုံးဆုအနေနဲ့ ၂၀၁၆ ခုနှစ်က အလှမယ်ထက်ထက်ထွန်းရဲ့ ရုပ်သေးဝတ်စုံဖြင့် ရရှိခဲ့ပါတယ်။

Miss Universe Myanmar ပြိုင်ပွဲကြီးကိုတော့ ၂၀၁၃ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အလှမယ် မိုးစက်ဝိုင်၊ ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ နှင်းသွေးယုအောင်နဲ့ ယခုနှစ်မှာတော့ ဆွေဇင်ထက်တို့က အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဧရာဝတီ

admin