Song Joong Ki ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့တဲ့အကြောင်းကို ဖွင့်ဟထုတ်ဖော်ပြခဲ့တဲ့ Song Hye Kyo

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းစုံတွဲတွေထဲမှာ မင်းသား Song Joong Ki နဲ့ မင်းသမီး Song Hye Kyo တို့ ဇနီးမောင်နှံဟာ ပရိသတ်တွေရဲ့ စိတ်ဝင်တစားနဲ့ အာရုံစိုက်ခြင်းကို အများအပြားရရှိထားကြတဲ့ အနုပညာမောင်နှံဖြစ်ပါတယ်။ Descendants of the Sun ဇာတ်လမ်းတွဲရိုက်ကူးရင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြတဲ့သူတို့ (၂) ဦးဟာ ချစ်ကြိုက်နေတဲ့အကြောင်းကို ပရိသတ်တွေကို ချက်ချင်းထုတ်ဖော်မပြောပြခဲ့ကြပဲ လက်ထပ်ခါနီးရက်ပိုင်းလပိုင်းအလိုလောက်မှသာ ၂ ယောက်သား ချစ်နေကြကြောင်းနဲ့ လက်ထပ်မယ့်အစီအစဉ်တွေကို ဖွင့်ဟပြောပြခဲ့တာ ဖြစ်ပါတယ်။

၂ ဦးသား စုံတွဲခုတ်နေကြကြောင်းကို ပရိသတ်တွေက ရိပ်မိခဲ့ကြပေမယ့်လည်း ပထမပိုင်းမှာ ၀န်မခံကြသေးပဲ ငြင်းဆိုခဲ့ကြကာ လက်ထပ်ခါနီးမှ ထုတ်ဖော်ပြောခဲ့တာကြောင့် ပရိသတ်တွေမှာ အလွန်အမင်းကို အံ့အားသင့်ခဲ့ကြကာ မယုံကြည်နိုင်ဖြစ်ခဲ့ကြပါတယ်။ အကြောင်းကတော့ ပရိသတ်တွေအနေနဲ့ သူတို့စုံတွဲကို လိုက်ဖက်မှုရှိလွန်းတာကြောင့် သဘောတူထားကြပေမယ့်လည်း ရုတ်တရက်ဆိုသလို ဒိတ်နေတဲ့အကြောင်းကိုရော၊ လက်ထပ်မယ့်အကြောင်းကို ကြေညာခဲ့တာကြောင့် ဖြစ်ပါတယ်။

အခုဆိုရင် သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၁) နှစ်ပြည့်ပြီးပြီဆိုပေမယ့် သူတို့ (၂) ဦး မည်သို့မည်ပုံနဲ့ မေတ္တာသက်ဝင်လာခဲ့ပုံကို ပရိသတ်တွေအတော်များများက သိခဲ့ကြမယ်မထင်ပါဘူး။ အဲဒါကြောင့် ဒီတစ်ခါမှာတော့ ပရိသတ်တွေက ဆောင်းဆောင်းစုံတွဲရယ်လို့ ချစ်စနိုးနဲ့ သတ်မှတ်ခေါ်ဝေါ်ကြတဲ့သူတို့ဇနီးမောင်နှံရဲ့ ချစ်ဇာတ်လမ်းတစ်စိတ်တစ်ဒေသကို ဖော်ပြပေးချင်ပါတယ်။ တကယ်တော့ ဒီအကြောင်းကို လက်ထပ်တော့မယ့်အကြောင်းကို ဖွင့်ပြောခဲ့ပြီးနောက်ပိုင်းမှာ Song Hye Kyo က သူမရဲ့ပရိသတ်တွေကို တောင်းပန်စကားဆိုရင်းနဲ့ ခင်ပွန်းဖြစ်သူကို အိမ်ထောင်ဘက်အဖြစ်နဲ့ ရွေးချယ်ခဲ့ပုံအကြောင်းကို ထုတ်ဖော်ပြောပြခဲ့တာ ဖြစ်ပါတယ်။

“မင်္ဂလာပါ…ကျွန်မ Song Hye Kyo ပါ။ သေသေချာချာနဲ့ နှုတ်ဆက်စကားမပြောဖြစ်ခဲ့တာ အတော်လေးကြာပြီနော်။ ကျွန်မ စတင်ပွဲထွက်စဉ်ကတည်းက အားပေးလာခဲ့တဲ့ပရိသတ်တွေကို ကျွန်မကိုယ်တိုင် တောင်းပန်စကားပြောချင်ပါတယ်။ ကျွန်မ လက်ထပ်တော့မယ်ဆိုတာကို ရုတ်တရက်ကြားလိုက်ရတော့ ပရိသတ်တွေ လန့်သွားကြမှာပေါ့။ ဒီသတင်းကြောင့် ထိတ်လန့်သွားကြပြီး ပရိသတ်တွေအပေါ်မှာ ကျွန်မအနေနဲ့ လေးစားမှုမရှိဘူးလို့ ထင်ကြမယ်ဆိုတာကိုလည်း ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မကို သဘောထားကြီးကြီးနဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ Joong Ki နဲ့ ကျွန်မက တစ်ယောက်နဲ့ တစ်ယောက် တူညီတဲ့အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ရိုက်ကူးရေးတစ်လျှောက်လုံးမှာလည်း ကျွန်မတို့ ၂ ယောက်ဟာ ယူဆချက်တွေ တူညီတာ၊ အတွေးအခေါ်တွေ တူညီတယ်ဆိုတာကို နားလည်ခဲ့ပါတယ်။ ပြီးတော့ သူက အကြောင်းအရာတွေအားလုံးကို မျှဝေလို့ရတဲ့သူတစ်ယောက်ပါ။ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် ရင်းနှီးဖော်ရွေတတ်တာကြောင့် မကြာခဏဆိုသလိုဆက်သွယ်ခဲ့ကြပြီး တစ်ယောက်အကြောင်းတစ်ယောက်သိဖို့အတွက်လည်း အချိန်ပေးတွေ့ခဲ့ကြပါတယ်” လို့ ဆိုကာ ပရိသတ်တွေကို ဦးစွာတောင်းပန်ခဲ့ပြီး ခင်ပွန်းဖြစ်သူနဲ့ ချစ်ကြိုက်ဖို့အတွက် အကြောင်းဖန်လာခဲ့ပုံတွေကို ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး Song Hye Kyo က “Joong Ki က ကျွန်မအပေါ်မှာ တကယ်ကို ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ပင်ကိုယ်သရုပ်အစစ်အမှန်ကိုလည်း ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့သူတစ်ယောက်ပါ။ ဒီလူနဲ့သာလျှင် ကျွန်မရဲ့ ကျန်ရှိတဲ့ဘ၀အစိတ်အပိုင်းကို ဖြတ်သန်းချင်တယ်လို့လည်း တွေးမိခဲ့တယ်။ သူကလည်းပဲ ကျွန်မရဲ့ ခံစားချက်အစစ်အမှန်တွေကို ခံစားမိတဲ့အတွက် ကျေနပ်မိပါတယ်။ အဲဒီအချိန်မှာ သိလိုက်ရတာက သူကသာလျှင် ကျွန်မ လက်ထပ်မယ့်သူဖြစ်တယ်ဆိုတာပဲ။ လက်ထပ်မယ့်အကြောင်းကို ပရိသတ်တွေကို အရင်အသိပေးချင်ပေမယ့်လည်း ကျွန်မတစ်ယောက်တည်းရဲ့ သဘောနဲ့မဖြစ်ဘူးလေ” လို့ဆိုကာ Song Joong Ki ကို သူမရဲ့ ဘ၀လက်တွဲဖော်အဖြစ်နဲ့ ရွေးချယ်ခဲ့ဖြစ်ပုံကို ဖွင့်ဟခဲ့ပါတယ်။

အခုဆိုရင်တော့ သူတို့ ၂ ဦးဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တရားဝင်လက်ထပ်မင်္ဂလာဆောင်နှင်းခြဲ့ပီဖြစ်ပေမယ့်လည်း ပရိသတ်တွေကတော့ သူတို့ဇနီးမောင်နှံရဲ့ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားနေကြဆဲပါ။ ဇနီးဖြစ်သူ Song Hye Kyo ကို ဘယ်လောက်ချစ်မြတ်နိုးကြောင်းကို Song Joong Ki က မကြာခဏဆိုသလို အင်တာဗျူးတွေမှာ ဖွင့်ဟပြောပြတတ်ပေမယ့် Song Hye Kyo အနေနဲ့ကတော့ ယခုလိုမျိုးဖွင့်ပြောတတ်တာရှားပါတယ်။

နတ်ဖက်တဲ့စုံတွဲတွေလိုမျိုး လိုက်ဖက်မှုရှိလှတဲ့ ဆောင်းဆောင်းစုံတွဲတို့ရဲ့ ချစ်ဇာတ်လမ်းလေးက တကယ်ကို ကြည်နူးစရာပါပဲနော်။

Ref : Koreaboo
Zue Zue (Momolay

Facebook Comments

admin

error: Content is protected !!