တစ်ခါက အကယ်ဒမီ (၈) ဆုရဖူးတဲ့ဇာတ်ကားလို “မုန်းစွဲ” ဇာတ်ကားကြီးကိုလည်း မျှော်လင့်ပါတယ်ဆိုတဲ့ ဒေါ်ဆွေဇင်ထိုက်

မကြာမီမှာရုံတင်ပြသတော့မယ် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လတ်တလောမှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်တရားတော်ကို အခြေခံပြီး ဇာတ်ညွှန်း လွင်မင်းအံ့ ၊ DOP ဝင်းလွင်ထက်၊ ဒါရိုက်တာ သြရသတို့နဲ့ ပူးပေါင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားကြီးက Trailer နဲ့တင် အကြီးအကျယ် အောင်မြင်မှုရနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ နေတိုး၊ မင်းသွေး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးသောင်းတို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပီပြင်ပြောင်မြောက်စွာ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးက စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ တစ်ပြိုင်နက်တည်း ရုံတင်ပြသခွင့်ရတဲ့ ရုပ်ရှင်လောကရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်သရုပ်ဆောင်တွေကလည်း ချီးကျူးဝေဖန်ကြသလို အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ကလည်း ချီးကျူးစကားဆိုခဲ့ပါတယ်။ သူမက ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဝါရင့်သရုပ်ဆောင်တစ်ဦးပီပီ ဇာတ်ကားရဲ့ကောင်းကွက်တွေကို တစ်ခုချင်းစီ အသေးစိတ်ပြောပြထားတာ ဖြစ်ပါတယ်။

ဒေါ်ဆွေဇင်ထိုက် ပြောပြထားတာကတော့ ” ဒီဇာတ်ကားကြီးက ဘုန်းဘုန်းရဲ့တရားတော်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်တဲ့အတွက် စာသားတွေက ပြောင်မြောက်တယ် ။ ဒီဇာတ်ကားကို ကြည့်လိုက်တဲ့အခါမှာ ဇာတ်အိမ်က ခိုင်တယ်။ ဒါ့အပြင် ကိုယ်တွေတန်ဖိုးထားတဲ့ ဗုဒ္ဓဘာသာ value ကို နောက်ခံထားတာဖြစ်တဲ့အတွက် ကာရိုက်တာတွေက အရမ်းကောင်းပါတယ်။ ဒီကားလေးမှာ အမုန်းတရားတွေက အစွဲအလမ်းကြီးလွန်းရင် ဒုက္ခဖြစ်တတ်တယ်ဆိုတဲ့ Message ကိုပေးထားတာကလည်း ကောင်းပါတယ်။ နေတိုးနဲ့ မင်းသွေးတို့က ညီအစ်ကိုတွေဆိုတာ ကျွန်မ မသိခဲ့ပါဘူး။ ဒါပေမယ့် သရုပ်ဆောင်တာ အရမ်းကောင်းတယ်လို့ ပြောချင်ပါတယ်။ မင်းသွေးကလည်း တကယ့်ကို talent ရှိတယ်လို့မြင်ရသလို နေတိုးကလည်း သာမန်ဇာတ်ရုပ်ထက် ဒီဇာတ်ကားထဲက ကာရိုက်တာကို ပေါ်လွင်စွာ သရုပ်ဆောင်နိုင်တာတွေ့ရပါတယ်။ လောဘနဲ့ ဒေါသကိုလည်း ပေါ်အောင်ပြနိုင်တာ တွေ့ရပါတယ်။ ဒီကားက ကောင်းပါတယ် ကျွန်မသာဆိုရင် ဒီကားကို English စာတန်းထိုးပြီး နိုင်ငံတကာမှာ ပြိုင်ပွဲဝင်စေချင်ပါတယ်။ သရုပ်ဆောင်တွေကလည်း ကာရိုက်တာမကျွံဘဲ တာဝန်ကျေပြီး ပြောင်မြောက်အောင် ပြနိုင်ကြပါတယ်။ နေတိုးကာရိုက်တာအရ ဒီလိုမုန်းစွဲစိတ်ရှိတဲ့လူတစ်ယောက်ကနေ သာသနာဘောင်ကိုဝင်ပြီး သာသနာရဲ့အဆုံးအမအောက်ရောက်ကာ မေတ္တာတွေကိုသိသွားတယ်ဆိုတာ ကောင်းတယ်လို့ မြင်မိပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ တစ်ခါတုန်းက အကယ်ဒမီ (၈)ခု ကိုထွန်းအောင်ဇော်ကားက ရခဲ့ဖူးတယ်လေ။ အဲ့ဒီလိုပဲ ဒီဇာတ်ကားလည်း ဖြစ်မလားလို့ မျှော်လင့်ပါတယ်” ဆိုပြီး သူမရဲ့ထင်မြင်ချက်တွေနဲ့ အကောင်းဆုံး သုံးသပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင်တွေရဲ့ ချီးကျူးစကားတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ကြည့်ရှုသူတွေရင်ထဲထိရောက်အောင် ရသကောင်းတွေ ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများနဲ့ စင်ကာပူနိုင်ငံရဲ့ နံပတ်(၁)အကောင်းဆုံးရုပ်ရှင်ရုံဖြစ်တဲ့ “Cathy” ရုပ်ရှင်ရုံကြီးများမှာ တစ်ပြိုင်နက်တည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း ရုပ်ရှင်လောကမှာပါ သမိုင်းမှတ်တိုင်စိုက်ထူနိုင်တဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကို လက်လွတ်မခံဘဲ သွားရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source: အလင်းတန်း အနုပညာဂျာနယ် & မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး;

Facebook Comments

admin

error: Content is protected !!