ဒီကနေ့ Valentine Day မှာ အရိုတကာ့အရိုဆုံး မြန်မာဆယ်လီစုံတွဲ (၈)တွဲ

Valentine’s Day ဆိုတာကတော့ တစ်ကမ္ဘာလုံးက အချစ်နဲ့မကင်းတဲ့လူသားတွေတိုင်းအတွက် ကိုယ်ချစ်တဲ့သူကို အချစ်တွေနဲ့အတူလက်ဆာင်လေးတွေအပြန်အလှန်ပေးရင်း ရင်ခုန်စိတ်လှုပ်ရှားရတဲ့နေ့လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေချစ်တဲ့ခင်တဲ့ ဆယ်လီတွေတော်တော်များများဟာလည်း အချစ်ရှိတဲ့လူသားတွေပဲဖြစ်တဲ့အလျောက် V Day မှာ ချစ်သူလေးတွေနဲ့အပြန်အလှန်ရိုနေကြတာကလည်းတကယ့်ကိုအားကျစရာပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် V Day မှာ ပရိသတ်တွေအားကျရအောင် အရမ်းကိုရိုနေကြတဲ့ ဆယ်လီစုံတွဲတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

ကျားပေါက်နဲ့ ဇနီး

ကျားပေါက်ဟာ ဇနီးဖြစ်သူကိုတော်တော်လေးချစ်တယ်လို့ကိုဆိုရမှာပါ။ ဘာလို့ဆို ကျားပေါက်ရဲ့ လူမှုကွန်ယက်မှာ တစ်ယောက်တည်းဓာတ်ပုံတွေတွေ့ရခဲပြီး ချစ်တဲ့ဇနီးနဲ့မိသားစုပုံတွေကိုသာပလူပျံအောင်တွေ့ရတတ်တဲ့အပြင် ကျားပေါက်ဟာ မိန်းမကိစ္စအရှုပ်အရှင်းတွေတစ်ခါမှသတင်းမထွက်ဖူးသူပါ။ ကျားပေါက်ကတော့ V Day အထိန်းအမှတ်အဖြစ်ချစ်ဇနီးနဲ့ သူမရဲ့ ကြောင်လေးပိုက်ထားတဲ့ပုံကို ပန်းချီကားလှလှလေးလက်ဆောင်ပေးထားခဲ့ပါတယ်။ဇုံဇုံချစ်တဲ့ညောင်လေးလည်းပါတဲ့ မော်ဒန်ပန်းချီဟာ သာမန် portrait ထက်ကိုဆန်းပြီးအရမ်းလှတာမို့ ဇနီးဖြစ်သူက အရမ်းပျော်ပြီးကြည့်မဝရှု့မဝဖြစ်နေရပါတယ်တဲ့။

စမိုင်းလ်နဲ့ခင်ပွန်း

စမိုင်းတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေအားကျရလောက်အောင်ကိုအမြဲတမ်းနီးပါးရိုနေကြတဲ့စုံတွဲလေးပါ။ အခုလည်း V Day မှာ တစ်အိမ်လုံးကိုနေကြာပန်းခင်းကြီးအလားထင်မှတ်မှားရအောင်ပြင်ဆင်ပြီးချစ်ဇနီးကို surprise လုပ်လိုက်တဲ့ခင်ပွန်းကြောင့် အရမ်းပျော်နေတဲ့ Smile ကိုတွေ့ရမှာပါ။ ဒီနေ့ဟာ V Day သာမက စမိုင်းလ်တို့ရဲ့ မင်္ဂလာသက်တမ်း အနှစ် (၂၀) ပြည့်လည်းဖြစ်ကြောင်းသိရပါတယ်။

ရွှေထူးနဲ့ရွှေမှုံ

ရွှေထူးနဲ့ရွှေမှုံရတီတို့အတွက်တော့ နေ့တိုင်းဟာ Valentine’s Day လို့ဆိုရမှာပါပဲ။ နေ့တိုင်းစက္ကန့်တိုင်းကိုရိုနေတဲ့ ရွှေနှစ်ရွှေဟာ ပရိသတ်တွေရဲ့ချစ်မေတ္တာတွေကိုလည်း အများကြီးရရှိပိုင်ဆိုင်ထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ရွှေနှစ်ရွှေဟာ Valentine’s Day မှာ ဘာလီကမ်းခြေကိုအပန်းဖြေထွက်နေကြတာပါ။ အပန်းဖြေထွက်ရင်းနဲ့ ငှက်သိုက်လေးတွေလိုတွဲလောင်းကျနေတဲ့အသိုက်အိမ်လေးထဲမှာ တစ်ယောက်နဲ့တစ်ယောက်ပူးပူးကပ်ကပ်နဲ့ရိုနေကြတဲ့ ရွှေနှစ်ရွှေရဲ့ချစ်ကြည်နူးနေပုံက မြင်ရတဲ့ပရိသတ်တွေရင်ထဲကိုပါ အပျော်တွေကူးစက်လာစေပါတယ်။

ဇဏ်ခီနဲ့ခရစ်စတီးနားခီ

ဇဏ်ခီနဲ့ခရစ်စတီးနားခီကတော့ ဒီနေ့ဟာ ချစ်သက်တမ်း ဆယ့်ကိုးနှစ်ပြည့်တဲ့နေ့လို့ဆိုပါတယ်။ ခရစ်စ်က လူမှုကွန်ယက်ပေါ်မှာ ဇဏ်ခီကို “လွန်ခဲ့တဲ့ ၁၉နှစ်ကသာ V day မှာ ယူ့ကို ချစ်ပါတယ်လို့ ပြန်မဖြေခဲ့မိရင် အခုချိန်မှာ ကိုယ်ဟာလူ့ဘဝမှာ မရှိနိုင်တော့ပါဘူး…နာကျင်စရာတွေသိပ်များတဲ့လူ့လောကကြီးမှာ အသက်မရှင်ချင်ဘူးလို့ အခုတော့မတောင်းဆိုရဲတော့ဘူး…ဘာလို့လည်းဆိုတော့ ဆက်အချစ်ခံချင်သေးလို့…Love me until I d…. naw… Love Of My Life….”လို့ အရမ်းကိုရိုလွန်းတဲ့စာသားလေးရေးထားခဲ့ပြီး ဇဏ်ခီကလည်း ချစ်ဇနီးကို “လွန်ခဲ့တဲ့ ၁၉ နှစ်ကသာ ယူက အိုင့်ကို ချစ်တယ်လို့မပြောခဲ့ရင် အခုချိန်ထိ လူပျိုကြီးဘဝနဲ့ ဆက်စောင့်နေမှာပါ အဲ့လဲ”လို့ ရိုဆန်ဆန် reply ပြန်ထားတာကလည်း ကြည်နူးလှိုက်မောစရာပါပဲ။

သားညီနဲ့ချစ်ဇနီး

သားညီကတော့ သူ့ရဲ့ချစ်ဇနီးကို ရိုဆန်ဆန်ပန်းစည်းတွေချောကလက်တွေအစား ပိုက်ဆံထုပ်ကြီးလက်ဆောင်ပေးခဲ့ပါတယ်။ သားညီက သူ့ရဲ့ လူမှုကွန်ယက်မှာ “ကျွန်တော်တို့ မချမ်းသာပါဘူး .. .ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ကိုယ် ရှာတဲ့ပိုက်ဆံကိုတော့ တန်ဖိုးထားပါတယ် …အသက်ကြီးလာတော့ စိတ်ကူးယဉ်မဆန်တော့ဘူး …လက်တွေ့ပိုဆန်လာတယ် …ရို တာမပေးတော့ဘူးလို တာပဲပေးတော့မယ် … ချစ်သူများနေ့အတွက် လက်ဆောင်ပါ မိန်းမရေ ။”လို့ မေတ္တာတရားတွေပေါ်လွင်နေတဲ့လေသံနဲ့စာလေးရေးထားတာတွေ့ရပါတယ်။

ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသု

လက်ထပ်ထားတာသိပ်မကြာသေးတဲ့အသစ်စက်စက်ဇနီးမောင်နှံလေး ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုကတော့ လက်ထပ်ပြီးလည်း ချစ်သူဘဝတုန်းကလိုပဲ တစ်ယောက်နဲ့တစ်ယောက်အချစ်တွေက သေဆုံးမသွားပဲပိုတိုးလို့ရှင်သန်လာနေဆဲပါ။ ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုကတော့ ချစ်သူများနေ့အထိန်းအမှတ်ရင်ခုန်ပျော်ရွှင်စရာ ဓာတ်ပုံလေးတွေရိုက်ထားခဲ့ပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

ဖြိုးလေးနဲ့ဝါဆိုမိုးဦးကတော့ ချစ်သူသက်တမ်းကြာရှည်ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စွာလက်တွဲနေတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ဖြိုးလေးက ဝါဆိုမိုးဦးကိုချစ်သူများနေ့အထိန်းအမှတ် လက်ဆောင်လေးနဲ့ ပန်းစည်းကြီးနဲ့ surprise လုပ်ခဲ့ပြီး အလုပ်မအားတဲ့ကြားက surprise လုပ်ပေးဖော်ရလို့ ဝါဆိုမိုးဦးက ပျော်ရွှင်လို့နေပါတယ်။

ချစ်သုဝေနဲ့လင်းလင်း

ချစ်သုဝေကိုလင်းလင်းက Valentine’s Day မတိုင်ခင်ကတည်းကအချစ်စာလွှာလေးတွေရေးပေးထားခဲ့ပြီးအဲဒီစာလွှာအပိုင်းအစလေးတွေကို ပရီမီယာကော်ဖီထုပ်လေးတွေထဲ ဝှက်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက အဲဒီစာလေးတွေကိုတစ်ခုတည်းဖြစ်အောင်ပြန်လည်စုစည်းပေးခဲ့တာကြောင့် ချစ်သုဝေတစ်ယောက်ဒီနေ့ချစ်သူများနေ့မှာ လင်းလင်းရဲ့ အချစ်စာလွှာလေးကိုဖတ်ပြီးမျက်ရည်များတောင်ကျခဲ့ရပါတယ်တဲ့။

အခုဖော်ပြသွားတာတွေကတော့ ပရိသတ်တွေအားကျအောင် V Day မှာ ရိုနေခဲ့ကြတဲ့ ဆယ်လီစုံတွဲတွေပဲဖြစ်ပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီနေ့မှာချစ်သူလေးနဲ့ရိုပြီးသွားကြပြီလား။ ကြည်နူးစရာအဖြစ်အပျက်တွေရှိရင်လည်း comment ထဲမှာကြွားခဲ့ကြပါဦး။

Source : Can’t Wait To Say

Facebook Comments

admin

error: Content is protected !!