ရင်ဆိုင်နေရတဲ့ဘဝအခက်အခဲတွေကို ရင်ဖွင့်ပြောပြလာတဲ့ လူရွှင်တော် ဟာသ သရုပ်ဆောင် ကျော်ထူး

ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင်စေတဲ့ လူရွှင်တော် ဟာသ သရုပ်ဆောင် ကျော်ထူးကတော့ သူ့အနေနဲ့ သူတို့ဘဝတွေ ရပ်တည်မှု ခက်ခဲပုံလေးတွေကို ပြောပြသွားခဲ့ပါတယ်။ ထို့နောက် ဒီဖက်ခေတ်မှာ ဖြစ်ပျက်နေတဲ့ ရုပ်ရှင်လောကနဲ့ သူလုပ်ပေးချင်တဲ့ ဆန္ဒလေးတွေကို ရှင်းပြသွားခဲ့ပါသေးတယ်။

ဟာသ သရုပ်ဆောင် ကျော်ထူးကတော့ Pann Pwint နဲ့ အင်တာဗျုးမှာတော့ ရုပ်ရှင်လောကမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတဲ့ အပေါ်မှာတော့ “ကိုယ်တောင်မှ ရုပ်ရှင်လောကမှ ရပ်တည်လာတာ နှစ်ပေါင်းမနည်းတော့ဘူး။ ဒါတောင်မှ အခုကားကြီးတွေမှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ။ ကျွန်တော်တို့ဆီမှာကလည်း အဖွဲ့တွေဖွဲ့လိုက်ကြတာ သူ့အဖွဲ့နဲ့သူပဲ ရိုက်ကြတာ။ ကျွန်တော်က ဘယ်အဖွဲ့မှာလည်း မပါတော့ ဘယ်အလံအောက်မှာလည်း မရှိတော့ စားဝတ်နေရေးတော့ နည်းနည်းကျပ်တည်းတာပေါ့။ တဖက်တလမ်းကနေ လူရွှင်တော် အချင်းချင်းကလည်း မကူညီနိုင်၊ သားသမီးတွေကိုလည်း အနုပညာလောကထဲကို မသွင်းနိုင်ဖြစ်နေတာ”

အစိုးရ အပိုင်းကရော အကူညီရောဆိုတဲ့ မေးခွန်းကိုတော့ “လက်ရှိအစိုးရကိုလည်း လုပ်ပေးစေချင်တယ်။ လုပ်ပေးပါ။ အကူညီတောင်းသော်ငြားလည်း လက်ရှိအစိုးရက သူ့ဟာနဲ့သူတောင် တိုင်ပတ်နေတယ်။ ဘယ်လိုတောင် အကူညီတောင်းရမလဲတောင် မသိဘူး”

လုပ်ပြချင်တဲ့အရာတွေ ရှိလားဆိုတဲ့ အပေါ်မှာတော့ “သက်ကြီး လူရွှင်တော်ကြီးတွေရဲ့ သာရေး နာရေး ရံပုံငွေတွေ လုပ်ချင်ပါတယ်။ စိတ်ဝင်စားသူရှိသော လှူချင်သော မြေတောင်မြောက်ပေးချင်တဲ့ ပုဂ္ဂိုလ်များရှိရင် ကျွန်တော့်ကို လာလှူပေးပါ။ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အတွက် မဟုတ်ပါဘူး။ အဲ့ဒါကို ပြန်လုပ်ချင်လို့ပါ။ ကမ္ဘာမကျော်သော နိုင်ငံကျော်ကြီးများ။ ဘာလို့အဲ့လိုပြောလဲဆိုတော့ ကမ္ဘာတော့ မကျော်ပေမယ့် နိုင်ငံထဲမှာတော့ ကျော်ကြားကြပါတယ်”

ဘဝရပ်တည်မှု အခက်ခဲက ဘာရှိလဲဆိုတဲ့ အပေါ်မှာတော့ “အနုပညာအလုပ်တွေ လုပ်နေရရင် စိတ်ချမ်းသာသေးတယ်။ အရင်က ကျွန်တော်တို့နဲ့ တွဲလုပ်တဲ့ လူရွှင်တော်ကြီး ဦးစော်ပတားဆိုတာရှိတယ်။ သူကကျန်းမာရေးလည်းကောင်းတယ်။ ဒါပေမယ့်လည်း အသက်ရွယ်အရ ဘယ်သူမှသူ့ကို ခေါ်မသုံးတော့ဘူး။ အဲ့တော့ ဘယ်ပွဲမှလည်းမကရ ဘာအလုပ်မှမရှိတော့ အိမ်မှာ ငုတ်တုတ်ကြီး။ နောက်ပိုင်းတော့ ပုလင်းလေးကိုင်ပြီး နေ့တကျောင်းနောက်တကျောင်းနဲ့ စိတ်ဓါတ်တွေကျလာ။ ကိုယ့်ဘာကို Psycho တွေဝင်။ ပြီးတော့ နောက်ဆုံးဘာမှမရှိဘူး ဆင်းရဲသွားတယ်။ သူဘယ်လောက်တောင် ဆင်းရဲသွားလဲဆိုတော့ လူရွှင်တော်တွေက ဆင်းရဲတာတောင် ရယ်ဖို့ကောင်းနေတယ်။ ပိုက်ဆံမရှိလို့တဲ့ လျှပ်စစ်မီးပူလေးကို အပေါင်ဆိုင်မှာသွားပေါင်တာ။ သူ့ကံများမကောင်းချင်တော့ အဲ့ဆိုင်မှာက မီးပျက်နေတယ်။ ဟိုကလည်း ကောင်းမှယူတာလေ။ သူသာ အလုပ်လုပ်နေရရင် သေချင်မှသေဦးမှာ။ အဲ့လိုဘဝတွေလည်း အများကြီးပါပဲ” ဟု ပြောကြားသွား ခဲ့ပါတယ်

Source : nanmalgyi

Facebook Comments

admin

error: Content is protected !!