ကချင်ပြည်နယ်တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားမှုကြောင့် စားနပ်ရိက္ခာအတွက် အလှူရှင်များ လိုအပ်နေ

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ဒေသခံများ စားသုံးရန်အတွက် စားနပ်ရိက္ခာ အလှူရှင်များ လိုအပ်နေကြောင်း တနိုင်း ပရဟိတလူငယ်အဖွဲ့မှ ကိုကျော်မျိုးလှိုင်၏ ပြောကြားချက်အရ သိရသည်။

တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် တနိုင်းမြို့နယ် ဒိုက်ဖားကျေးရွာသူ/သားများ ပိတ်မိနေကြောင်း ယင်းနေရာသို့ တနိုင်း ပရဟိတလူငယ်အဖွဲ့က ကယ်ဆယ်ရေးများနှင့် စားနပ်ရိက္ခာများ ဝေးငှပေးနိုင်ရေးအတွက် သွားရောက်နေပြီဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

“တနိုင်းမြို့နဲ့ နည်းနည်းတော့ဝေးတယ်ဗျာ့ ။ အဲဒီ ဒိုက်ဖားကျေးရွာမှာတော့ ဘက ဘုန်းတော်ကြီး ကျောင်းသားတွေနဲ့ရွာသူ/သားတွေ ပိတ်မိနေတယ်။ ကယ်ဆယ်ရေးလုပ်ဖို့ မနက်ကပဲ တနိုင်း ပရဟိတလူငယ်အဖွဲ့သွားနေပြီ။ ရေကတော့ ကြီးနေတုံးပဲဗျာ့။ ဒေသခံတွေ စားသုံးဖို့ရာ စားနပ်ရိက္ခာအတွက် အလှုရှင်တွေ လိုအပ်နေတယ်။ ကယ်ဆယ်ရေးစခန်းကတော့ လေးခုလောက်ရှိတယ်။ ရေပြွန်တိုင်က အကုန်လုံး မြုတ်သွားတဲ့အခါကြတော့ အဓိကတော့ သောက်သုံးရေပေါ့။ အချို့ရေကြီးနေတဲ့နေရာတွေကြတော့ ချက်ပြုတ်စားသောက်ဖို့ အဆင်ပြေကြတယ်။ အချို့ရေကြီးနေတဲ့နေရာတွေကြတော့ ထမင်းထုပ် နဲ့ ထမင်းဘူးတွေ သွားပြီး ပို့ပေးရတာပေါ့။အခုထိတော့ ရေကြီးတဲ့အတွက်ကြောင့် လူနဲ့တိရစ်ဆာန် သေဆုံးတာမျိုးတော့ မကြားမိသေးဘူးဗျာ့”ဟု တနိုင်း ပရဟိတလူငယ်အဖွဲ့မှ ကိုကျော်မျိုးလှိုင်က ပြောကြားသည်။

ထို့အပြင် တနိုင်းမြို့တွင် ရေဘေး ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ထားရှိကြောင်း ရေဘေးကယ်ဆယ်ရေး စခန်းအချို့တွင် ရေဘေးသင့်ပြည်သူများလည်း လာရောက်ခိုလှုံနေကြကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျေးရွာများနှင့်ရပ်ကွက်များသည် ပုန်ခုန်းကွက်သစ်(တနိုင်းမြို့တဖက်ကမ်း)၊ ဆင်မ်ဆာ့အောက်ချိုင့်၊ ဆင်မ်ဆာ့ကွက်သစ်(တနိုင်းမြို့တဖက်ကမ်း)၊ လမုန်ကျေးရွာ၊ ရပ်ကွက် ၄ ၊ ရပ်ကွက် ၅ ၊ ဂျော်ဆာဒီကျေးရွာ ၊ မိုင်းခွန်ကျေးရွာအုပ်စု ဒိုက်ဖားကျေးရွာ၊ လမောင်ကျေးရွာ၊ အောင်စိုးမိုး ၂ ကျေးရွာတို့ဖြစ်ကြပြီး တနိုင်း- လမုန် လမ်းပိုင်း(လီဒိုလမ်းမကြီး) ရေကျော် ပျက်စီးခဲ့ကြောင်း ယင်းလမ်းမကြီး၏ ဘေးအနီးနားရှိ လူနေအိမ်များ ရေမြုပ်လျက်ရှိကြောင်း သိရသည်။

Credit – news-eleven

Facebook Comments

admin

error: Content is protected !!