လှော်ကားဥယျာဉ်အနီး တွေ့ရှိခဲ့သည့်လူငယ်အလောင်း(၃)လောင်းမှာ လူမှောင်ခိုကူးခံရသူများဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်၊ လှော်ကားလမ်းအနီးတွင် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး၏အလောင်းတို့မှာ လူမှောင်ခိုကူးခံရသူများ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်၊ ပြည်လမ်းနှင့် အမှတ်(၄)လမ်းမ တို့အား ဆက်သွယ်ဖောက်လုပ်ထားသော လှော်ကားလမ်း၊ လှော်ကားမောင်းတံဂိတ် တောင်ဘက် ၂ ဖာလုံခန့်အကွာ လမ်းအနောက်ဘက်လမ်းဘေးတွင် ဇူလိုင်လ ၁၃ ရက်၊ နံနက် ၈ နာရီခွဲခန့်က (၁၉)နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါသေဆုံးသူများအနက် အမျိုးသမီးဖြစ်သူသည် ပက်လက်အနေအထားဖြင့်လည်းကောင်း၊ ၎င်း၏ဘေးတွင် အမျိုးသားနှစ်ဦးမှာ မှောက်လျက်အနေအထားဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးဆေးစစ်ဆေးချက်များအရ လေမွန်းကြပ်၍သေဆုံးခြင်းဖြစ်နိုင်ပြီး ပြင်ပဒဏ်ရာမရှိကြောင်း၊ ၎င်းတို့၏အနီးတွင်မစားရသေးသော ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် ထမင်းထုပ် ၃ ထုပ်နှင့် အလောင်းများတွင်သဲများကပ်နေသည်ကို တွေ့ရှိရသဖြင့် တစ်နေရာရာတွင် သေဆုံးခဲ့သည့်အတွက် သဲတင်ကားဖြင့် တင်ဆောင်လာကာ စွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်း၊ အလုံပိတ်ယာဉ်(သို့) ယာဉ်နောက်ဖုံးအတွင်း ထည့်သယ်လာသဖြင့် သေဆုံးသည့်လက္ခဏာရှိသော လူမှောင်ခိုကူးခံရသူများ ဖြစ်နိုင်ကြောင်း ယူဆရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။

သေဆုံးသူအလောင်းများကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် ထောက်ကြန့်နယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၁၉/၂၀၁၉ ဖြင့် ရေးဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Credit-အကုန်သိ

Facebook Comments

admin

error: Content is protected !!