မြောက်ပိုင်း မဟာမိတ်၏ တိုက်ခိုက်မှု ၁၄ ဦး သေဆုံး

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ် (AA) တို့က မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာ ၅ ခုကို ယနေ့မနက်ပိုင်းက တပြိုင်တည်း အလစ်အငိုက် ဝင်တိုက်ခဲ့သဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲဝင်နှင့် အရပ်သား စုစုပေါင်း ၁၄ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

အခင်းဖြစ်ပွားရာနေရာများသို့ ဧရာဝတီက ကွင်းဆင်းစုံစမ်းမှုအရ ပစ်ခတ်ခံရ၍ သေဆုံးသူ စုစုပေါင်း ၁၄ ဦး ရှိပြီး ထိုအထဲတွင် ဂုတ်တွင်း ရဲကင်းစခန်းတိုက်ခိုက်ခံရမှု၌ တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အရပ်သား ယာဉ်မောင်း ၁ ဦး၊ တိုးဂိတ်တွင် တပ်မတော်သား ၂ ဦးနှင့် အရပ်သား ၁ ဦး ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တခုတို့အား ယနေ့နံနက် ၅ နာရီခွဲခန့်တွင် ပူးပေါင်း မဟာမိတ် အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ ထုတ်ပြန်ချက်အရ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့် လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်တို့အား မော်တော်ယာဉ် ၁ စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသူ ၂ ဦးမှ အာရ်ပီဂျီဖြင့်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် တစ်ချိန်တည်းတပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေလျှက်ရှိသည်။

ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ

Facebook Comments

admin

error: Content is protected !!